Monday, July 13, 2009

Mittleplatte Offshore Excursion

၁၇ နိုဝင်ဘာ ၂၀၀၈ မှာ RWE dea company နဲ့ Wintershall ကုမ္ပဏီတို့ အစုစပ်ပိုင်ဆိုင်တဲ့ Mittleplatte offshore စင်ပေါ်ကို သွားဖြစ်ခဲ့ပါတယ်..။ ပါကစ္စတန်က ကျောင်းသား ရာအို က ဒရိုင်ဘာလုပ်လို့ GPS အားကိုးနဲ့ ကျောင်းသားတွေချည်းသက်သက် ထွက်ခဲ့ကြပါတယ်..။ ရာအိုကို မေးကြည့်တော့ ဂျာမနီရောက်တာ ၁ လသာရှိသေးပြီး ဒါပထမဆုံးအကြိမ် ဒီမှာမောင်းဖူးခြင်းပါတဲ့..။ GPS ဆိုတာလည်း စမစ် ဆိုတဲ့ ကင်မရွန်းသား ကားထွက်ခါနီး မနက် ၇နာရီအလိုမှာ သူတို့ ကင်မရွန်းက အဆောင်နေကျောင်းသားဆီက ကမန်းကတန်း သွားငှားခဲ့တဲ့ GPS function ပါတဲ့ လက်ကိုင်ဖုန်းတစ်လုံးသာပါ..။ ဆဲချင်လိုက်တာ လျှာကို ယားနေတာဗျ အဲဒီ ငတိကို..။ တကယ် တော့ အဲဒီငတိ က organizer ပါ။ ဒါပေမယ့် သူကတော့ မလိုက်ဖူးတဲ့..။ နောက်ဆုံးတော့ ဂျီပီအက်စ်က ပြတဲ့ နေရာအရောက် ကားကို ရပ်ပြီး ကုမ္ပဏီကို ရှာတော့ စောင့်နေတဲ့ သူကို တွေ့ကြတယ်..။ RWE က Reservoir Engineer မာတင် တဲ့..။ အသင့်စီစဉ်ထားတဲ့ မော်တော်ဘုတ်ပေါ်တက်လို့ Mittleplatte Platform ကို ထွက်ခဲ့ကြတယ်..။ စင်ပေါ်မှာ ဓါတ်ပုံ ရိုက်ခွင့်မရှိဘူး..။ မာတင် ကတော့ ပြောပါတယ်..အားလုံးလိုက်ရှင်းပြပြီးရင် စင်ထိပ်မှာ အမှတ်တရ ဓါတ်ပုံရိုက်ရအောင်သူ စီစဉ်ပေးမယ်..။




စင်ပေါ်မှာ ကြိုတင်ပေးထားတဲ့ ကိုယ်တိုင်းတွေနဲ့ ကိုယ့်ဝတ်စုံကိုယ်တိုင်ရှာဝတ်ရင်း အရေးပေါ် အခြေအနေ ကြုံလာရင် ဘယ်လို အသက်ကယ် ဘုတ်တွေဆီသွားရမယ် ဘာတွေဝတ်ရမယ် အသက်ကယ်ပစ္စည်းတွေ ဘယ်နေရာမှာထားတယ် ဆိုတဲ့ ကယ်ဆယ်ရေး အရေးပေါ် အချက်အလက်တွေကို ဗွီဒီယို သင်ခန်းစာအနေနဲ့ နာရီဝက်လောက်ပေးပြီး စင်ပေါ်လျှောက်ကြည့်ကြရင်း ကျောင်းသားများသိလိုတာမေးတာကို ၀န်ထမ်းတွေ ဖြေကြတယ်..။



ကုမ္ပဏီကကျွေးတာကို စင်ပေါ်မှာရှိတဲ့ စားရိပ်သာမှာစားရင်း လေပေါကြတယ်..။ ပြီး ညနေစောင်းတော့ ကိုယ့်ကားကိုယ်မောင်းပြန်ခဲ့ကြတာ ညအတော်မှောင်မှ အိမ်ပြန်ရောက်တယ်...။



ဒီပုံကတော့ ကျွန်တော်တို့အဖွဲ့ သွားခဲ့တဲ့ Mittleplate Offshore စင်ကို ကုမ္ပဏီ ၀က်ဆိုဒ်ကနေ ရှာပြီး တင်ပေးထားတာပါ.။ ဒီစင်က Artificial Island ပေါ်မှာရှိတာပါ..။ ရေနံ ဘာသာရပ်ခွဲတစ်ခုဖြစ်တဲ့ Offshore Engineering (constructions) အကြောင်းသိချင်ရင်တော့ ဒီလင့်ခ်နေရာမှာ ကလစ်ပြီး ဆက်ဖတ်နိုင်ပါတယ်..။





ERD well (Extend-reach Drilling) သူတို့ကတော့ Extreme extended reach production wells လို့ခေါ်တဲ့ ဒီရေနံ ထုတ်လုပ်ရေးတွင်းတွေဟာ (ပုံပါ ဘယ်ဖက်က Mittelplate တွင်းတူးစင်ဖြစ်ပြီး ညာဖက် အစွန်က ထုတ်နေတာ ကုန်းမြေပေါ်ကပါ) ၇၇၂၇ မီတာကနေ ၉၂၇၅ မီတာအထိရှည်တယ်လို့ ဆိုပါတယ်..။ အလယ်က အဖြူပုံက Saltdome ခေါ် ဆားခဲကြီးပါ..။ Nordsee ဟာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးရဲ့  တကယ့်အချက်အချာကျတဲ့ ဇုံမို့ ရေနံတူးခြင်းထုတ်ခြင်းတွေနဲ့ ပတ်သက်ပြီး ထွက်ပေါ်လာတဲ့ အညစ်အကြေး တွေကို ပင်လယ်ထဲ စွန့်ပစ်ဖို့က မဖြစ်နိုင်ပါဘူး..။ Waste Management ဘာသာရပ်ဟာလည်း ရေနံလုပ်ငန်းနဲ့ ဆက်စပ်တဲ့ ဘာသာရပ်ခွဲတစ်ခုဖြစ်တာမို့ သီးခြား လေ့လာ သင်ယူရပါတယ်..။



ဒီပုံက ပင်လယ်ဖျံတွေကို Mittelplate ရေနံစင်နားက ကျွန်းမှာ တွေ့လို့ ရိုက်ယူလာခဲ့တာပါ..။ သဘာဝ သားငှက်တိရိစ္ဆာန်တွေရဲ့  နေထိုင်မှုပတ်ဝန်းကျင်ကို ဒီ Mittelplate ရေနံထုတ်လုပ်မှုဟာ ဘယ်လိုမှ သက်ရောက်မှု မရှိဘူးဆိုတာကိုပြတဲ့သဘောသက်ရောက်မယ်ထင်ပါတယ်..။ တွင်းတူးရာက ထွက်လာတဲ့ ရေနံတွေပျော်ဝင်နေတဲ့ ရွံတွေ၊ နဲ့ တွင်းတူးရာမှာသုံးတဲ့ ဆားပျော်ဝင်မှုများပြီး ဓါတုပစ္စည်းတွေပျော်ဝင်နေတဲ့ ရေတွေကို တိုက်ရိုက် စွန့်ပစ်ခွင့် မပြုတဲ့ အကျိုးကျေးဇူးတွေ ထင်ပါတယ်..။ ယုတ်စွအဆုံး လူသုံးရေကိုတောင် တိုက်ရိုက်စွန့်ခွင့် မရှိပါဘူး..။ ဒါတွေဟာ ကုမ္ပဏီတွေရဲ့ တာဝန်ပါ..။ သူတို့ လုပ်ကိုလုပ်ရတဲ့ သဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်းပေးရတဲ့ ၀တ္တရားတစ်ခုပါပဲ..။ စပ်မိလို့ ပြောရရင် စင်ပေါ်က ကုမ္ပဏီတာဝန်ရှိသူတစ်ယောက် ရှင်းပြတာ သိခဲ့ရတာပါ..။ လက်ရှိ HP/HT well အပူချိန်နဲ့ ဖိအားလွန် (များ) တွင်းတွေက ထုတ်လုပ်မှု့မှာ အပူချိန် က ၂၀၀ ကျော်သမို့ အဲဒီ အပူချိန် အောက်မှာ အလုပ်လုပ်ဖို့ ၀န်ထမ်းတွေကို တစ်နာရီထက်ပို ခွင့်မပြုပါဘူးတဲ့..။ ဒီ regulation နဲ့ ညီဖို့ ကုမ္ပဏီအနေနဲ့ တွင်းထိပ်က ထွက်တဲ့ အပူချိန်ကို လျှော့ချဖို့ တနည်းသာလောလောဆယ်ရှိသမို့ အပူကာပစ္စည်းတွေ နဲ့ တွင်းကို ကာထားရပါတယ်ဆိုပြီး ပြပါတယ်..။ နောက်ပိုစ့်တွေရောက်မှပဲ ဆက်ပွားတော့မယ်..။