Tuesday, July 15, 2008

Drilling-School (Celle) သို့ (၂) ရက်တာ လေ့လာရေးခရီး

ကလောက်စ်ထယ် နည်းပညာတက္ကသိုလ် ရှိ Drilling/Production Specialization ကျောင်းသားများ လေ့လာရေး ခရီးထွက်တဲ့ Drilling-School ဟာ ဂျာမနီနိုင်ငံ Celle မြို့မှာတည်ရှိပါတယ်။ လေ့လာရေးခရီးအစီအစဉ်အရ Celle ကို နှစ်ရက် သွားရမှာဖြစ်ပါတယ်။ အကြို အပို့ အတွက် Institute of Petroleum Engineering က ဌာနပိုင်ကား တစ်စီးထုတ်ပေးပါတယ်။ ကားကတော့ ကျောင်းသားများ ကိုယ်တိုင်မောင်းပေါ့။ ဒီတစ်ခါ လေ့လာရေး ထွက်ရတာ Baker Hughes Company ကို လေ့လာရေးထွက်ရတာလောက် မကောင်းပါဘူး (နေ့လည်စာမကျွေးလို့ပါ)။

Drilling School ကိုရောက်ရောက်ချင်းပဲ Well Control စသင်တော့တာပဲ။ စာသင်ခန်းထဲ မငိုက်အောင် အလကားရတဲ့ တစ်မျိုးထဲသော ကော်ဖီကို ခဏခဏ သောက်ပါတယ်။ ကော်ဖီကလွဲရင် ကျန်တဲ့ မုန့်တွေက စားပြီး ရင် ချထားတဲ့ ခွက်ထဲ ပိုက်ဆံထည့်ရတယ် ဆိုလို့ အဲဒါတွေ ယောင်လို့တောင် ကိုင်မကြည့်ပါဘူး။ Theory က တစ်ရက် Practice က တစ်ရက်ပါ။ သီဝရီ အနေနဲ့ကတော့ သိပြီးသား နဲ့  မသိတသိတွေ သင်တာပဲ လက်တွေ့အနေနဲ့ကတော့ လုပ်ငန်းခွင်နဲ့ အနီးစပ်ဆုံးတူအောင် ပြုလုပ်ဖန်တီးနိုင်တဲ့ Simulator machine သုံးတယ်။ Petroleum Drilling Engineer တစ်ယောက်ကြုံတွေ့နိုင်တဲ့ အခြေအနေတွေကို ဖန်တီးပေးရင်း ကျော်လွှားနိုင်အောင် ကြိုတင်လေ့ကျင့်ပေးတာပါ။ ကျော်နိုင်ရင် IWCF Certificate တစ်ခုရမှာပါ။ ဒီကျောင်းလေးရဲ့ အကြောင်းကို သိချင်ရင် http://www.drilling-school.com/ မှာရှာဖွေဖတ်ရှု နိုင်ပါတယ်။ IWCF Certificate တွေအကြောင်းကို သိချင်ရင်တော့ http://www.iwcf.org/ ကို သွားရောက်လည်ပတ်နိုင်ပါတယ်။

ဒီ Simulator က ကွန်ပျူတာ တစ်လုံးပေါ်မှာ တွင်းတူးစင်ရဲ့ အနေအထားကို Driller တစ်ယောက်မြင်သလိုမျိုး ပြထားပြီး အခြားကွန်ပျူတာပေါ်မှာ တွင်း နဲ့  တူးနေတဲ့ ဖြစ်စဉ်ရဲ့ လက်ရှိ သတင်းအချက်အလက်တွေကို ဖော်ပြပေးပါတယ်။ Driller ဟာ ပိုက်ကို တွင်းထဲ ချနေစဉ်မှာ သော်လည်းကောင်း၊ တွင်းတူးနေစဉ်မှာသော်လည်းကောင်း၊ မိမိကိုယ်ကို တွင်းတူးစင်ပေါ်မှာ ရောက်နေသလိုမျိုး ခံစားရမှာ ဖြစ်ပါတယ်။ တစ်ဖန် လိုအပ်သလို valve အဖွင့်အပိတ် choke အဖွင့်အပိတ်နဲ့  BOP အဖွင့်အပိတ် တွေကိုပါ အပြင်မှာ လုပ်သလိုမျိုး လေ့ကျင့်နိုင်တဲ့ simulator ပါ။ တူးနေစဉ်တွင် ဖြစ်စဉ်ရဲ့ အခြေအနေကို လိုက်၍ တကယ့်လက်တွေ့ ၏ အသံများကိုပါ ခံစားနိုင်မှာဖြစ်ပါတယ်။




ဒီ အခန်း တစ်ခုလုံးဟာ စာသင်ခန်းတွဲရက် Drilling Simulator ပါ။